ပေါင်းတည် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများသည် စက်မှုလယ်ယာဦးစီးဌာနနှင့် ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက စက်မှုလယ်ယာဦးစီးဌာနတွင် ပျိုးဗန်းများ ပြုလုပ်ကြသည်။
မြို့နယ်စက်မှုလယ်ယာဦးစီးမှူးနှင့် ဝန်ထမ်းများသည် စက်မှုလယ်ယာစနစ် ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးရန် လိုအပ်သော ပျိုးဗန်းများ ရရှိအောင်ပျိုးထောင်ခြင်းလုပ်ငန်းကို တောင်သူများအား သရုပ်ပြသခြင်းနှင့် တောင်သူများနှင့်အတူ ပျိုးဗန်းပြုလုပ်ခြင်းကို လက်တွေ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပျိုးဗန်းများပြုလုပ်ရာ၌ ဦးစွာ ပျိုးဗန်းအတွင်း အောက်ခြေတွင် သတင်းစာစက္ကူအဟောင်းဖြန့်ခင်းကာ အချိုးကျရောစပ်ထားသည့် နုန်းမြေမှုန့်နှင့် ဖွဲပြာမှုန့်များ ထည့်ရကြောင်း၊ ပိုးမွှားကင်းစင်စေရန် မြေအောင်းပိုးသတ်ဆေးမှုန့်ဖြူး၍ သမအောင်မွှေပေးရကြောင်း ထို့နောက် ၂ ရက်ခန့် သိပ်ထားပြီးနောက် ပျိုးထောင်မည့် မျိုးသန့်စပါးစေ့များကို ပျိုးဗန်းအတွင်းမထည့်မီ ဆားရည်မိနစ်အနည်းငယ်စိမ်ထားရကြောင်း၊ ထို့နောက် ပျိုးဗန်းအတွင်း မျိုးစေ့များ ထည့်ကာ မျိုးစေ့များအပေါ်တွင် သဘာဝမြေသြဇာမှုန့်များ ခပ်ပါးပါးဖုံးအုပ်ပေးထားရပြီး နေ့စဉ်ရေလောင်းပေးရကြောင်း၊ အလျား နှစ်ပေ၊ အနံ တစ်ပေရှိသော ပျိုးဗန်းတစ်ဗန်းလျှင် မျိုးစပါးနို့ဆီဗူးတစ်ဗူး ထည့်သွင်းပျိုးထောင်နိုင်ကြောင်း၊ပျိုးရက် ၁၄ ခန့်ကြာလျှင် ထိုပျိုးဗန်းတုံးများအား ကောက်စိုက်စက်တွင် ထည့်သွင်း၍ အသင့် ထွန်ယက်ထားသောတမန်းညက်စိုက်ပျိုးမြေတွင် စနစ်တကျ စိုက်ပျိုးရကြောင်းကို မြို့နယ်စက်မှုလယ်ယာဦးစီးမှုး ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။
ထိုသို့ အောင်မြင်သော မျိုးစေ့များ၊ ပျိုးပင်များကို ထွန်ရေးညက်ညက် တမန်းညက်ညက် မြေဆီသြဇာများအထက်တွင် မျိုးစေ့ချစက်၊ ကောက်စိုက်စက်အမျိုးမျိုးဖြင့် တောင်သူများ ကျွမ်းကျင်စွာ အသုံးပြုစိုက်ပျိုးတတ်လာစေရန်နှင့် မိုးစပါးပန်းတိုင်အထွက်နှုန်း တစ်ဧက တင်းတစ်ရာနှင့်အထက် ထွက်ရှိအောင် စက်မှုလယ်ယာဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား