ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြော

မော်လမြိုင် ဇွန် ၁၂

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး‌ဟောပြောပွဲကို ဇွန်လ ၁၁ ရက်နေ့က အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ဟောပြောပွဲကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းရတနာဦးက ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေက ခွင့်ပြုထားသော အသက်အရွယ်ထက်ငယ်ရွယ်ခြင်း၊ ဥပဒေပါ ကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ် ကန့်သတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ အဓိပ္ပါယ်ဖော်ပြချက်များ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်အချက်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)