လွိုင်ကော် ဇွန် ၁၅
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ်က ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်တက္ကသိုလ်နယ်မြေအတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုနှင့် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်ပရဝဏ်အတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့သည့် တက္ကသိုလ်အဆောက်အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ရမည့် အဆောက်အအုံများအား အမြန်ပြန်လည်ပြုပြင်၍ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများအားလုံးက အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်နယ်မြေ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးကိုလည်း မပြတ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(ခ) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ကာ ကျောင်းသားဦးရေနှင့် ကျောင်းစာသင်ခန်းများ လုံလောက်မှု ရှိ/မရှိ၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းဝင်းအတွင်း ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များက ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သည့် (၆၀x၂၀)ပေ အုတ်ညှပ်တစ်ထပ် စာသင်ဆောင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန်များအား အသီးသီးတင်ပြကြရာ ကိုယ့်အားကိုယ်ကိုး တည်ဆောက်နေသည့် ကျောင်းဆောင်သစ်အတွက် လိုအပ်သော အမိုးသွပ်၊ အုတ်နှင့် ဘိလပ်မြေများကို ပံ့ပိုးပေးခဲ့ပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် လွိုင်ကော်မြို့၊ အောင်သီဟရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ကာ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုနှင့် စာသင်ခန်းများအတွင်း ကျောင်းသားဝင်ဆံ့မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက လိုက်လံရှင်းလင်းတင်ပြပြီး ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည်များကို အသီးသီးတင်ပြခဲ့မှုအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)