ကျိုက်လတ် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျိုက်လတ်-ဖျာပုံစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းအချိန်က လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ ဥပဒေရုံး၊ အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မော်တော်ဆိုင်ကယ်အပါအဝင် မော်တော်ယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ မောင်းနှင်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ယာဉ်မောင်းလိုင်စင်မပါရှိသည့် မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူ(၂)ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်