ကြံခင်းမြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ကြံခင်း ဇွန် ၁၁

၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင် ကျောင်းတိုက်ရှိ ပညာဆီးမီးဓမ္မရုံတော်တွင် ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့ရာ မြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ‌ဒေါ်စိုးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ ကြွရောက်ချီးမြှင့်ကြကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် မဟာသဒ္ဒမ္မဇောတိက ဓဇ ဘဒ္ဒန္တဝါယမထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က သာသနာရေးဆိုင်ရာများအား လျှောက်ထားတင်ပြခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့်စာဖြေရဟန်း၊ သာမဏေ များအား နဝကမ္မဝတ္ထုအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး၊ ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော စာအောင် ရဟန်း၊ သာမဏေ အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် နဝကမ္မဝတ္ထုအလှူငွေများကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသောင်းထွဋ်လွင်၊ အဖွဲ့ဝင်(၂) ဦးကျော်ကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုနိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊  မြို့မိမြို့ဖများနှင့်အလှူရှင်များက အသီးသီးဆပ်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌထံမှ ရေစက်ချအနုမောဒနာ တရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။ အဆိုပါ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ပထမလတ်တန်းအောင် ၁ ပါး၊ ပထမငယ်တန်းအောင် ၁ ပါးနှင့် အခြေပြု မူလတန်းအောင် ၉ ပါး၊ စုစုပေါင်း သာသနာ့အာဇာနည် ရဟန်း၊ သာမဏေ ၁၁ ပါး ပေါ်ထွန်းခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း