ပုသိမ် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားရုံတွင် ကျင်းပပြုလုပ်သော ၂ဝ၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပိုက်ကျော်ခြင်း အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရန်၊ မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်နှင့် တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန် ထက်မြက်သော ပိုက်ကျော်ခြင်း အားကစားသမားကောင်းများ ပေါ်ထွက်လာရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင်လည်း ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဆုတံဆိပ်များ အသီးသီးရရှိခဲ့ကြောင်း၊ ယခုနှစ်ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးတွင် ၃၀-၇-၂၀၂၅ မှ ၇-၈-၂၀၂၅ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ်သည့်အတွက် ဆုတံဆိပ်များပိုမိုရရှိအောင် ကြိုးစားကြရန်လိုကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို အတုယူအားကျပြီး တိုင်းဒေသကြီးမှပိုက်ကျော်ခြင်း လက်ရွေးစင်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနိုင်ရေးအတွက် မိမိတို့၏စွမ်းရည်များတိုးတက်အောင် အမြဲမပြတ်လေ့ကျင့်သွားကြရန်လိုကြောင်း၊ အားကစားပြိုင်ပွဲများကို မြို့နယ်ပြိုင်ပွဲများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ် ပေးခြင်းဖြင့် မြို့နယ်များမှ အားကစားသမားတိုင်း ပြိုင်ပွဲဝင်ဖူးသည့် အတွေ့အကြုံရရှိခြင်း၊ ဗဟုသုတတိုးပွားခြင်း၊ မြို့နယ်အဆင့်များမှ တိုက်ရိုက်ပြိုင်ပွဲကြည့်ရှုရွေးချယ်ရသည့်အတွက် ထူးချွန်လူငယ်များ ပိုမိုရရှိနိုင်ခြင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ရရှိခြင်းစသော အကျိုးကျေးဇူးများကိုလည်း ရရှိစေမှာဖြစ်ကြောင်း” အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ စစ်ကြောင်းမှူး ဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင် တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် စစ်ကြောင်းမှူး ဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် အင်္ဂပူမြို့နယ်အသင်းနှင့် ဟင်္သာတမြို့နယ် အမျိုးသားပိုက်ကျော်ခြင်းအသင်း နှစ်ယောက်တွဲပြိုင်ပွဲ၊ မြောင်းမြမြို့နယ်နှင့် မအူပင်မြို့နယ် အမျိုးသမီးပိုက်ကျော်ခြင်းအသင်း နှစ်ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ယခုလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း