ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း( ၄) မျိုးဖွင့်ပွဲ အခမ်းအနားကျင်းပ

ငွေဆောင် ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း (၄)မျိုးဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ယမုံနာဦး ဟိုတယ်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဟိုတယ်မန်နေဂျာများ၊ တည်းခိုရိပ်သာတာဝန်ရှိသူများ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးဖြစ်ပြီး ယခင်နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေများ၊ အထင်ကရနေရာများ၊ တန်ခိုးကြီးဘုရားစေတီပုထိုးများသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်(၁၆)သိန်းကျော် စံချိန်တင်လာရောက် လည်ပတ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးစဉ်အသစ်များဖော်ထုတ်ခြင်း၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီကမ်းခြေများကို အခြေခံ၍ ခရီးသွားဇုန်များ ဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်လျက်ရှိကြောင်း၊ ငွေဆောင်ကမ်းခြေသည် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်သည့် ကမ်းခြေတစ်ခုဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးလာသည်နှင့်အညီ ခရီးသွားလုပ်ငန်းများကို အထောက်အကူပြုသော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများမှာလည်း အရေးကြီးပါကြောင်း၊ ငွေဆောင်ဟိုတယ်ဇုန် အနေဖြင့် ဟိုတယ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၈၄၁)ဦးရှိသည့်အနက် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း တက်ရောက်ပြီးသည့် ဝန်ထမ်း(၄၄၂)ဦးရှိပြီး သင်တန်း တက်ရန်ကျန် ဝန်ထမ်း (၃၉၉) ဦးရှိသဖြင့် သင်တန်းတက်ပြီးသည့် ဝန်ထမ်းအင်အား(၅၂.၅၆) ရာခိုင်နှုန်းရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးလျက်ရှိသည့် ခရီးသွားလုပ်ငန်း၏တိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၊ ဟိုတယ်လုပ်ငန်းသုံးဘာသာစကားသင်တန်းများကို နှစ်စဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွားဧည့်သည်များ၏ ခရီးစဉ်တစ်လျှောက်လုံး ၎င်းတို့ပေးရသည့် တန်ဖိုးနှင့်လျော်ညီသည့် ဝန်ဆောင်မှုကိုပေးနိုင်မှသာ စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်ဖွယ်ရာခရီးစဉ်ကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းသို့ တက်ရောက်ကြသော သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူသည့်ဘာသာရပ်တွင် အမှတ်တကယ် တတ်မြောက်ကျွမ်းကျင်အောင်ကြိုးစား၍လေ့လာသင်ယူသွားကြရန်နှင့် မိမိတို့၏ဟိုတယ်နှင့် ကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်” တိုက်တွန်း အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှ ခရီးစဉ်ဒေသများ ဈေးကွက်မြှင့်တင်ကြော်ငြာရေးအတွက် စီစဉ်ရိုက်ကူးထားပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနရှိ TV Channel များတွင် ထုတ်လွှင့်ပေးလျက်ရှိသည့် ငွေဆောင်ကမ်းခြေဒေသ ခရီးစဉ်မှတ်တမ်း Video Clip ကြည့်ရှုခဲ့ကာ အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းနည်းပြဆရာများက ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းတွင်သင်ကြားပို့ချပေးမည့် သင်တန်း(၄)မျိုးမှ သင်ရိုးညွှန်းတမ်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၄)မျိုးကို ငွေဆောင်ဟိုတယ်ဇုန်၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွင်းရှိ ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ဟိုတယ်များမှ ပြီးပြည့်စုံသော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိ Food & Beverage (Service)၊ Food & Beverage (Production)၊ Front Office နှင့် Housekeeping သင်တန်းများကို သင်တန်း(၁)မျိုးလျှင် သင်တန်းသား(၃၀)ဦးစီဖြင့် သင်တန်း(၄)မျိုးအတွက် သင်တန်းသား စုစုပေါင်း (၁၂၀)ဦးကို တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

R - 014( ငွေဆောင်)