သထုံ ဇွန် ၉
မွန်ပြည်နယ်၊သထုံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ် စာစောင် ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
အသိပညာပေးဟောပြောရာတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသူ/ကျောင်းသားများ ယဉ်ကျေးလိမ္မာရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးသည်။
ယင်းနောက် ပုံပြင်ပြော၊ကဗျာရွတ်၊ဉာဏ်စမ်း၊ပန်းချီဆွဲပြိုင်ပွဲများကို ပြုလုပ်ပေးရာ မူလွန်(ဝါးတော)ကျောင်းမှ ကျောင်းသား/ကျောင်းသူတို့က တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ၊ ကလေး ကဗျာများ၊ ရုပ်ပြပုံပြင်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး စသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)