ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် ဇွန်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ကန္ဒရဝတီဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်အား ချစ်မြတ်နိုး၍ ပြည်သူလူထုအကြား သစ်ပင်စိုက်ပျိုးခြင်းအလေ့အထများ ရှင်သန်လာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကားလမ်း၊ ရထားလမ်းများ ဘေးဝဲယာနှင့် မြစ်၊ ချောင်း၊ ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်နေရာအသီးသီးတွင် ဒေသအလိုက် သင့်တော်သည့် သစ်ပင်များကို စိုက်ပျိုးသွားကြရန်နှင့် စိုက်ပျိုးပင်အားလုံး ရှင်သန်ရေး ပြုစုထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့အား စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့တစ်ခုဖြစ်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများနှင့် ပြည်သူအားလုံးက ဟန်ချက်ညီညီ လက်တွဲပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျွန်း၊ ခရေ၊ စိန်ပန်းနီနှင့် စိန်ပန်းပြာပျိုးပင်များကို ပညာရေးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနှင့် ဒေသခံပြည်သူများသို့ ဖြန့်ဝေပေးအပ်ရာ သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူကြသည်။ ထို့နောက် ဒေသကွပ်ကဲရေးမှူးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ပျိုးပင်များကို ဌာနဆိုင်ရာအသီးသီးသို့ ဖြန့်ဝေပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထိမ်းအမှတ်အဖြစ် ရတနာတန်းဝင် ကျွန်းသစ်ပင်အား စိုက်ပျိုးပေးပြီး တာဝန်ရှိသူအသီးသီးနှင့် တက်ရောက်လာသူကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များစိုက်ပျိုးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့်ဒေသခံပြည်သူများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခါတော်မှီ၊ ခရေ၊ ကံ့ကော်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ဆီသပြေ၊ သပြေဘူတ စသည့် သစ်မျိုး(၁၁)မျိုး ပျိုးပင် (၂၅၀၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။ ၎င်းအပြင် ဌာနဆိုင်ရာများနှင့် တပ်ရင်းတပ်ဖွဲ့၊ ပြည်သူလူထုများ၊ ကျေးရွာထင်းစိုက်ခင်းနှင့် လမ်းဘေးဝဲယာများတွင် စိုက်ပျိုးနိုင်ရန် ပျိုးပင် (၅၀၀၀၀)ကို ယခုနှစ်တွင် ပျိုးထောင်ထားပြီး သက်ဆိုင်ရာများသို့ ဆက်လက်ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)