မုံရွာမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မုံရွာ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တိုင်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ သဘာပတိ ဒေါ်စံစံလင်းက အသင်းသူ၊ အသင်းသားများသို့ စုဆောင်းငွေအပေါ် အကျိုးဝေစုထုတ်ပေးမှု အခြေအနေ၊ ကျန်းမာရေးထောက်ပံ့မှု၊ သင်တန်းတက်ရောက်ရာတွင် ထောက်ပံ့မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များအပြင် အသင်းရေရှည်တည်တံ့အောင် အသင်းသူ၊ အသင်းသားများမှ အသင်းကချမှတ်ထားသော အသင်းစည်းကမ်း၊ မူဝါဒ၊ လုပ်ထုံး လုပ်နည်းများကို လေးစားစွာ လိုက်နာဆောင်ရွက်ရန်နှင့် အမှုဆောင်အဖွဲ့မှလည်း အသင်းသူ၊ အသင်းသားများ၏ အကျိုးအား တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် စာရင်းစစ်ဦးထိန်ဝင်းက ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကိုဖတ်ကြားပြီး သဘာပတိက အသင်းသူ၊ အသင်းသားများ၏ ဆန္ဒခံယူကာ အတည်ပြုပေးခဲ့သည်။
ဆက်လက်ပြီး အသင်းသူ၊ အသင်းသားများမှ မေးမြန်းဆွေးနွေးခြင်း၊အမှုဆောင်အဖွဲ့မှ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက စုဆောင်းငွေအပေါ် အကျိုးဝေစုငွေကျပ်(၂၅၉၅၀၀၀)ကို အသင်းသား(၁၈၈)ဦးအား ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)