လွိုင်ကော် ဇွန် ၇
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့အား စိမ်းလန်းသောမြို့တော်၊ သန့်ရှင်းသောမြို့တော်တစ်ခု ဖြစ်လာစေရေး အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဝင်းအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး သန့်ရှင်းရေးဆောင်ရွက်နေကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ အများနှင့် သက်ဆိုင်သည့်နေရာများ၊ လူနေရပ်ကွက်များ၌ သန့်ရှင်းသာယာရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်သူများနေ့စဉ်သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက် စည်သူလမ်း ဘေးဝဲယာတစ်လျှောက်တွင် အကျယ်(၁.၂၂)မီတာ၊ အရှည်(၇၁၆)မီတာ လူလျှောက်ပလက်ဖောင်းအသစ် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလပြီးစီးရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေး၊ လမ်းဘေးဝဲယာ၌ ပန်းအလှပင်များ စနစ်တကျ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက် ထေးငှားလျားကန် သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူများ လာရောက်အပန်းဖြေအနားယူနိုင်ရန်အတွက် ကန်တိမ်ကောမှုမရှိစေရေး ကန်အတွင်းသဲနုန်းတူးဖော်ခြင်းနှင့် ကိုင်းပင်များ၊ အမှိုက်များရှင်းလင်းခြင်းအား စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ထေးငှားလျားကန်များအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ ကန်နှင့်ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူ လာရောက်အပန်းဖြေအနားယူနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)