မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာ မြေတူးဖော်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇွန်  ၇

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြား နိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း၌  ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပ ရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။   

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဝင်း အတွင်း၊ အပြင် သန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အခြေခံပညာစာသင်ကျောင်းအတွင်း ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ ဥပတိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာမှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။       
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။  
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စု၊ ကြေးတိုင်ပြင်ကွင်း(OSS)၊ ဟိုရှိန်တရုတ်သုဿန်မြေနေရာတွင် ညီညာခြင်းမရှိသည့်အတွက် မြေညှိခြင်း၊ မြေတူးဖော်ခြင်းများ ဆောင်ရွက်သည့်နေရာသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က  တောတောင်သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်နိုင်ခြင်း၊ ရေဝေရေလဲစနစ်များ ပျက်စီးနိုင်သည့်အတွက်  အဆိုပါမြေနေရာများတွင် မြေတူးဖော်ခြင်း၊ မြေညှိခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းမပြုလုပ်ကြရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်ခြင်း မရှိသည့်မညီညာသော မြေနေရာများတွင်သာ မြေညှိခြင်းများ ဆောင်ရွက်ကြရန် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊  သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းနိုင်​ရေးအတွက်မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးသော နေရာများတွင် အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး နှစ်ရှည်ပင်၊ အရိပ်ရပင်များအား ပြန်လည်စိုက်ပျိုးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)