ပြည်မြို့၌ ၂၀၂၅ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပြည် ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာရုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပရာ ပြည်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဆုရအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသူများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်မှ အမှုဆောင်ဒါရိုက်တာတို့၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာနှင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး‌နေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုဖိုင်တို့အား ဖွင့်လှစ်ပြသသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အခြေခံပညာ(ထက်/လယ်/မူ)အဆင့် “သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု”ပြိုင်ပွဲ၌ ပြည်ခရိုင်မှ ပထမ၊ ဒုတိယနှင့် တတိယဆုများ ရရှိခဲ့သော အ-ထ-က(ကြို့ပင်ကန်)၊ အ-ထ-က(ဂုံညှင်းတန်း)၊ အ-မ-က(ရွှေတံခါး-၂)နှင့် အ-မ-က (သဲတန်း)ကျောင်းတို့အတွက် ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၅ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်‌အခမ်းအနားကို “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ပလတ်စတစ်အသုံးပြုမှုနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချစေရေးအတွက် မူဝါဒများ၊ လုပ်ငန်းစီမံချက်များချမှတ်ကာ ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

ကိုဆက် (ပြန်/ဆက်)