ကယားပြည်နယ်အတွင်းရှိ မြို့များသန့်ရှင်းသာယာလှပစေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်၌ ကျင်းပ

လွိုင်ကော် ဇွန်

ကယားပြည်နယ်အတွင်းရှိ မြို့များသန့်ရှင်းသာယာလှပစေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃ ရက်နေ့ နေ့လယ်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ပြည်နယ်အတွင်း မြို့များသန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးခေါ်ယူခြင်းဖြစ်ကြောင်း၊ လွိုင်ကော်မြို့အား ပြည်နယ်၏မြို့တော်ဖြစ်၍ မြို့အင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေး ယခုထက် ပိုမိုကြိုပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တစ်ဆင့်ချင်းလုပ်ဆောင်နိုင်ရေး စနစ်တကျ စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်တွင် အစိုးရ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ စံပြခရိုင်၊ စံပြမြို့နယ်များဖြစ်အောင် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းပိုမိုထိရောက် အောင်မြင်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ခြင်း၊ လုပ်ငန်းလိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော  ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ယာဉ်ထိန်း တပ်ဖွဲ့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ် လမ်းဦးစီးနှင့် ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ဆောင်မည့် အစီအမံများအား အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍မှာကြားခဲ့ပြီး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)