ကျောက်ကြီးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာစတင်ကျောင်းတက်ရောက်

ကျောက်ကြီး ဇွန်လ ၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ယမန်နေ့ နံနက်ပိုင်းကစတင်ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စတင်ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁၁)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၄)ကျောင်း၊ မူလတန်းလွန်(၈၉)ကျောင်း၊ မူလတန်းကျောင်း(၅)ကျောင်း၊ မူလတန်းကျောင်းခွဲ(၃)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၁၃၅)ကျောင်းရှိပြီး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောက်ကြီးမြို့နယ်၌ နယ်မြေအခြေအနေအရ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂)ကျောင်း၊ မူလတန်းလွန်(၁၈)ကျောင်း၊ မူလတန်းကျောင်း(၁)ကျောင်း စုစုပေါင်း ကျောင်း(၂၅)ကျောင်းဖွင့်လှစ်နိုင်ပြီး၊ ယာယီကျောင်း စုစုပေါင်း(၁၁၃)ကျောင်း ပိတ်ထားကြောင်းနှင့် လက်ရှိ ကျောင်းသား/ ကျောင်းသူ(၅၄၂၉)ဦး အပ်နှံထားရှိပြီး၊ ယနေ့တွင် ကျောင်းတက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ (၅၃၀၅)ဦး တက်ရောက်၍ ကျောင်းအပ်ထားရှိမှု(၉၂.၈၄)ရာခိုင်နှုန်းရှိပြီး၊ ကျောင်းသား/ကျောင်းသူ ကျောင်းတက်ရောက်ထားရှိမှု(၉၇.၇၂)ရာခိုင်နှုန်းရှိကြောင်း၊ ဇွန်လ၂ရက်နေ့မှစတင်ပြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း ဒုတိယမြို့နယ် ပညာရေးမှူးပြောကြားချက်အရ သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအခြေအနေအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး ပညာရေးဝန်ကြီးဌာနဝန်ထမ်းများ စာသင်ကျောင်းလုံခြုံရေးနှင့် ကျောင်းလိုအပ်ချက်များအား စီမံဆောင်ရွက်ပေးထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)