ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သာသနိကအဆောက်အဦများအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ပြည် ဇွန် ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဇွန်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သာသနိကအဆောက်အဦများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုး/မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ သုံးပန်လှကျေးရွာ၌ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် အနီရောင်အဆင့်သတ်မှတ်ထားသည့် ရှေးဟောင်းသုံးပန်လှ(၂)ထပ် ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြင်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးမူလက်ရာမပျက် အလေးထားဆောင်ရွက်ရန်နှင့် တံခါးပေါက်များ၊ လှေခါးများအား ခိုင်ခန့်မှုရှိစေရေး သံထောက်တိုင်များ တပ်ဆင်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် မှော်ဇာကျေးရွာ၊ သရေခေတ္တရာပျူမြို့ဟောင်းရှိ ဘောဘောကြီးစေတီနှင့် လေးမျက်နှာစေတီတို့ ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသုတေသနအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း စနစ်တကျပြင်ဆင်သွားရန်၊ စေတီအပေါ်မှ မိုးရေများ စိမ့်ဝင်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်၊ စေတီတော်အတွင်းပိုင်းအထိ အက်ကွဲမှုရှိ/မရှိ သေချာစွာစစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ရွှေတံခါးအပိုင်း(၃)ရပ်ကွက်ရှိ ဦးဇော်မင်းသူ၏ ကြက်ချေး၊ ယူရီးယားနှင့် ပိုတက် ရောစပ်၍ သဘောဝမြေဩဇာတောင့် ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာအား ပြည်ပသွင်းကုန် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်သွားရန်၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်သည့်လုပ်ငန်းဖြစ်၍ အားပေးပါကြောင်းနှင့် လိုအပ်သည့်နည်းပညာနှင့် ချေးငွေရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့၊ ရွှေဝါထွန်းလယ်ယာထုတ်အလုပ်ရုံ၌ မျိုးစေ့ချကိရိယာ ၈ တန်းသွား Drum Seeder ထုတ်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်၍ သီးနှံမျိုးစုံအစေ့ချစိုက်ပျိုးနိုင်ရေး ထပ်မံဆန်းသစ်တီထွင်ဆောင်ရွက်ရန်၊ မိုးစပါးစိုက်ပျိုးရာသီအမီ သတ်မှတ်လျာထားချက်အတိုင်း ပြည့်မီအောင်ထုတ်လုပ်သွားရန်နှင့် စက်များကိုခိုင်ခန့်မှုနှင့် ပေါ့ပါးမှုရှိစေရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ အောင်မြရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးလင်းသက်အောင်၏ အအေးခန်းဖြင့် အသားတိုးကြက် ကောင်ရေ (၁၅၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ဥစားသုံးမှုဖူလုံစေရေး ဥစားကြက်တိုးချဲ့မွေးမြူရန်နှင့် တိရစ္ဆာန်အစာအား ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကိုယ်တိုင်ထုတ်လုပ်မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ခရိုင် (ပြန်/ဆက်)