မုဒုံ ဇွန် ၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံမြို့)၌ အသိပညာပေးဟောပြောပွဲကို မေလ ၃၀ ရက်နေ့က သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင်းသျှန္နအေးမှ အမျိုးသမီးငယ်လေးများ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများ၊ ကျား/မအခြေပြု အကြမ်းဖက်မှုများနှင့် အမျိုးသမီးငယ်လေးများ၏ အခွင့်အရေးများ၊ အမျိုးသမီးများအခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်၊ မွန်ရိုးရာလက်ရက်ကန်းသင်တန်းများ တက်ရောက်နေကြသည့် သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ သင်တန်းသူများ ရက်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများ၊ ရိုးရာအဝတ်အထည်များနှင့် လက်တွေ့သင်ကြားနေမှုတို့ကို ကြည့်ရှုအားပေး၍ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)