ယခုနှစ် ပေါင်မြို့နယ် ဒေသထွက် ရာသီစာမင်းဂွတ်သီးများ စျေးကောင်းရရှိ

ပေါင် ဇွန် ၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ဒေသထွက် ရာသီစာမင်းဂွတ်သီးများ ယခုနှစ်ပေါ်ဦးပေါ်ဖျားချိန်ကတည်းက စျေးကောင်းရရှိနေတာကြောင့် ခြံပိုင်ရှင်များ အဆင်ပြေကြတယ်လို့ အရောင်းဒိုင်များထံမှ သိရသည်။

ယခုနှစ် မေလအစောပိုင်းကတည်းက စတင်ခူးဆွတ်ရောင်းချနေသည့် ပေါင်မြို့နယ်ထွက် အအေးဓာတ်စာမင်းဂွတ်သီးများမှာ စျေးကွက်အတွင်း ဝယ်ယူစားသုံးသူများပြားနေတာကြောင့် စတင်ခူးဆွတ်ချိန်မှ ယနေ့အထိ စျေးကောင်းရရှိနေဆဲဖြစ်တယ်လို့ ပေါင်မြို့နယ်မှ မင်းဂွတ်ရောင်းဝယ်ရေးဒိုင်တစ်ဦးက ပြော သည်။

"ဒီနှစ် စခူးတဲ့အချိန်ကတည်းက စျေးကောင်းရတယ်၊ အခုချိန်ထိလို့ပြောလို့ရတယ်၊ စျေးကွက်မှာလည်း အရောင်းအဝယ်ရှိတော့ ဒီဘက်ဒေသထွက်မင်းဂွတ် ရသလောက်ပွဲရုံက ယူနေတယ်။အခုက ရာသီဥတုအရမ်းပူတယ်လေ၊ မင်းဂွတ်က အအေးဓာတ်စာဆိုတော့ ဝယ်စားကြတာလဲပါတယ်။ဒီနှစ်က ခြံပိုင်ရှင်တွေအတွက် အဆင်ပြေတဲ့နှစ်လို့ပဲပြောရမယ်။ " ဟု ၎င်းက ပြောသည်။

ယခုနှစ် မင်းဂွတ်သီးပေါ်ဦးပေါ်ဖျားချိန် အလုံးကြီးတစ်လုံးကို ငွေကျပ် (၇၀၀) ဝန်းကျင်ခန့်နှင့် ပုံမှန်အလုံးတစ်လုံးကို (၅၀၀) ကျပ်ခန့် စျေးကွက်အတွင်းပေါက်စျေးရှိခဲ့ပြီး လက်ရှိစျေးမှာ (၄၀၀) ကျပ်ဝန်းကျင်ခန့်သာ လျော့ကျသွားတယ်လို့ ၎င်းကဆက်ပြောသည်။

ရာသီစာမင်းဂွတ်ကို မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စိုက်ပျိုးကြပြီး ထွက်ရှိသော မင်းဂွတ်သီးများကို ဒေသတွင်းစားသုံးရောင်းချမှုများအပြင် အလုံး (၁၅၀)ပါ ပလတ်စတစ်ကဒ်ဖာခြင်းများဖြင့်ထုတ်ပိုးကာ ရန်ကုန်ပွဲရုံနှင့် မန္တလေးတို့ကို အဓိကတင်ပို့ရောင်းချကြောင်းပေါင်မြို့နယ်အရောင်းဒိုင်များမှ သိရသည်။

ဒေသထွက်မင်းဂွတ်သီးကို တောင်ပေါ်သီးနှင့်ရွာသီးဟု ဒေသအတွင်းခွဲခြားထားပြီး တောင်ပေါ်သီးမှာ ရွာသီးထက် အလုံးပိုကြီးသော်လည်း အခွံထူကာ အချဉ်ဓါတ်နည်းနည်းဖောက်ပြီး ရွာသီးမှာအခွံပါးကာပိုချိုပြီး စျေးနှုန်းအတူတူပင်ဖြစ်ကြောင်း မင်းဂွတ်ခြံပိုင်ရှင်များထံမှ သိရသည်။

ဒါအပြင် ယခုလိုပူပြင်းတဲ့ကာလမှာ အပူဓါတ်ကိုသက်ရောက်စေသည့် ဒူးရင်းသီးကိုစားသုံးပါက ဆန့်ကျင်ဘက် အအေးဓာတ်စာ မင်းဂွတ်သီးနှင့် တွဲဖက် စားသုံးသင့်တယ်လို့ ခြံပိုင်ရှင်များမှ အကြံပြုပြောဆိုခဲ့သည်။

မွန်မလေး(ပြန်/ဆက်)