စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် စစ်ကိုင်းမြို့ပေါ်ရှိ MSMEs လုပ်ငန်းများ လိုက်လံကြည့်ရှုအားပေး

မုံရွာ ဇွန် ၁

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား စားသုံးဆီများ ‌ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၄၀၀ ဦးကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ မဏ္ဍိုင်ဂျပ်စက္ကူစက်ရုံ၊ မဏ္ဍိုင်တစ်ရှူးစက္ကူစက်ရုံ၊ “နိုင်းစတား”ခေါက်ဆွဲစက်ရုံနှင့် ရေသန့်ရေခဲစက်ရုံများသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံများမှ စက်ရုံအတွင်း ကုန်ပစ္စည်းများထုတ်လုပ်နေမှုအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

ထို့နောက် တိုင်ဒေသကြီးဝန်ကြီးချုပ်က ထုတ်ကုန်ပစ္စည်းများအား အရည်အသွေး ပြည့်မီစွာဖြင့် ပြည်သူများလက်ဝယ် ဈေးနှုန်းသင့်တင့်စွာဖြင့် ထုတ်လုပ်ရောင်းချသွားရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ စက်ရုံမှစွန့်ပစ်ပစ္စည်းများအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ “ထွန်းတောက်အောင်” ငွေထည်၊ ကြေးထည်လုပ်ငန်းသို့ ရောက်ရှိရာ လုပ်ငန်းရှင်မှ ငွေထည်၊ ကြေးထည်အမျိုးမျိုး အရောင်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ငွေထည်၊ ကြေးထည် ပန်းအိုးအမျိုးမျိုးပြုလုပ်နေမှုများအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်‌ဆောင်ရွက်ပေးကာ  “ထွန်းတောက်အောင်” ငွေထည်၊ ကြေးထည်အရောင်းဆိုင်အတွင်း ငွေထည်၊ ကြေးထည် အမျိုးမျိုးပြုလုပ်ရောင်းချနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ “မြသီတာ”ပဲမှုန့်ကြိတ်စက်ရုံလုပ်ငန်းသို့ ရောက်ရှိရာ လုပ်ငန်းရှင်မှ ပဲမှုန့်စိမ်း၊ ပဲမှုန့်ကြက် အမျိုးမျိုးထုတ်လုပ်ရောင်းချနေမှုများအား ရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     

တိုင်းဒေသကြီး(ပြန်/ဆက်)