မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ပေါင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ဆောင်ရွက်

ပေါင် ဇွန် ၁

မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ပေါင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ယမန်နေနံနက်ပိုင်းက ကော့ကရင်ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးနှင့်အဖွဲ့ဝင်များ ကော့ကရင်ကျေးရွာမှ ကိုယ်ဝန်‌ဆောင်နှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်းက ယခုရာသီသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားချိန်ဖြစ်သည့်အတွက် အိမ်တွင်း ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းကို ဆောင်ရွက်ကြပါရန် ပြောကြားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အာဟာရပစ္စည်းများပေးအပ်ခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ် အမျိုးသမီးရေးရာအတွင်းရေးမှူး ဒေါ်မြသန်းက  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဖြစ်သည့် ကဏ္ဍကြီး(၅)ရပ်ဖြင့် လှုပ်ရှားဆောင်ရွက်သွားရန်နှင့် မြန်မာ အမျိုးသမီးများအ‌နေဖြင့် အိမ်တွင်းသန့်ရှင်းဖို့ လိုအပ်ပါကြောင်း၊ ဘုရားပန်း‌ရေနေ့စဉ်လဲခြင်းဖြင့် ခြင်ပေါက်ဖွားမှုကာကွယ်‌ပါကြောင်း၊ သောက်သုံးရေကိုကြိုချက်၍ သောက်ကြပါရန်၊ အမှည့်လွန်တဲ့အသီးတွေ မစားသင့်ကြောင်း၊ အာဟာရရှိတဲ့အစားအစာတွေကို စားသောက်ကြပါရန် မိမိနေထိုင်တဲ့ပတ်ဝန်ကျင်းသန့်ရှင်းဖို့ အရေးကြီးပါကြောင်း၊ မိသားစုမှာ မိဘတာဝန်ကျေဖို့အတွက် သားသမီးဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးအရေးကြီးပါကြောင်း ပြောကြားဆွေးနွေးခဲ့သည်။

ထို့နောက် ကော့ကရင်ကျန်းမာရေးမှူး ဦးအောင်ဖြိုးခန့်က ရာသီတုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းအရာများ၊ ရာသီတုပ်ကွေး ရောဂါဖြစ်ပွားလာပါက ကာကွယ်ရမည့်အချက်များကို အသေးစိတ်ဆွေးနွေးခဲ့သည်။ ယင်းနောက်တာဝန်ရှိသူများက ကျန်းမာရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မွန်မလေး