ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၂/၂၀၂၅) ပြုလုပ်

ပုသိမ် မေ ၂၉

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသောကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လျှပ်စစ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီ၊ အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ကုမ္ပဏီတာဝန်ရှိသူများက သဘာဝဓာတ်ငွေ့ရည်သုံးလျှပ်စစ်စီမံကိန်း၊ နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်စီမံကိန်း၊ ရေအားလျှပ်စစ်စီမံကိန်း၊ လေအားလျှပ်စစ် စီမံကိန်းနှင့် စပါးခွံလောင်စာနှင့် ရေနွေးငွေ့သုံးလျှပ်စစ်စီမံကိန်းလုပ်ငန်း ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မြေနေရာရရှိမှုအခြေအနေများ၊ သက်ဆိုင်ရာရှယ်ရာရှင်များနှင့် စာချုပ်ချုပ်ဆိုမှု၊ 66 KV ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သစ်တောဧရိယာများလွတ်ကင်းမှုနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၂/၂၀၂၅) ကို ယနေ့နေ့လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကိုအခြေခံသည့် လုပ်ငန်းများ၊ မွေးမြူ ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ အနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံမှုများရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းများကို ဖိတ်ခေါ်လျှက်ရှိပြီး ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ One Region One Product လုပ်ငန်းများ၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် လုပ်ငန်းများတွင်လည်း ရင်းနှီးမြုပ်နှံသူများအားဖိတ်ခေါ်ပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုခွင့်ပြုပေးထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းတိုးတက်မှုများအား ကြပ်မတ်စစ်ဆေးကြရန်နှင့် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" အမှာစကားပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် ဆန်ကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထား လွှာတင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများ၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် ရှယ်ယာလွှဲပြောင်းခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

 ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ကျော်ဟိန်း (ပြန်/ဆက်)