ရွှေဘို မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့် ရွှေဘို မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့နှင့် ဆိုင်းပုဒ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း“သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးသောင်းတင်ထွေးက အဖွင့်အမှာစကားပြောကြားရာ စာတတ်ရုံမျှမက "ဗလငါးတန်" နှင့်ပြည့်စုံသည့် တိုင်းပြည်အတွက်အားကိုးရသော နိုင်ငံသားကောင်းများပေါ်ထွက်လာစေရန်အတွက် စာသင်ကျောင်းသည် အကောင်းဆုံး၊ အသင့်တော်ဆုံး၊ ပညာဆည်းပူးလေ့လာသင်ယူရာဌာန ဖြစ်သဖြင့် မိမိတို့၏ရင်သွေးငယ်များ မိမိတို့ပတ်ဝန်းကျင်ရှိကလေးငယ်များ ပညာသင်ယူမှုအခွင့်အရေး မဆုံးရှုံးစေရန် ပညာရေးမဝေးစေရန်အတွက် "ကျောင်းနေအရွယ်ကလေးများအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့" ဆောင်ပုဒ်နှင့်အညီအချိန်မှီကျောင်းအပ်နှံကြပါရန်
နှင့် ပြည်သူလူထုအနေဖြင့် အမျိုးသားရေးတာဝန် တရပ်အဖြစ်ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး၊ ခရိုင်ပညာရေးမှူးဦးဝင်းနိုင်က ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးနေမှု၊ အခမဲ့ထောက်ပံ့ပေးသည့် အခြေအနေများ ရွှေဘိုခရိုင်တွင် အခြေခံပညာကျောင်းပေါင်း (၇၅) ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ယခင်နှစ်ထက်ကျောင်းအပ်နှံသူဦးရေတိုးတက်လာကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေး၊ အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်း အုပ်ဆရာကြီး ဆရာမကြီးများက လက်ခံရယူခဲ့ပြီး၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ပြီးနောက် ကျောင်းအပ်နှံရေး ဆိုင်းပုဒ်ကို စုပေါင်း စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)