ကျွန်းလှ မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးစပါးစိုက်ပျိုးဖို့ ၃၄၀၉၇ ဧကလျာထားပါတယ်။ တောင်သူတွေ အရင်နှစ်က ပျိုးထောင်နောက်ကျပေမယ့်လည်း ဒီနှစ် မိုးရွာသွန်းမှုစောတော့ ပျိုးထောင်ဖို့ ပြင်ဆင်နေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မိုးစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်း မျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရန်အတွက် ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး ပျိုးထောင်ခြင်း၊ မြေယာပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ