နတ်မောက်မြို့နယ် ဈေးသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နတ်မောက် မေ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဈေးသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ကျေးရွာတာဝန်ခံဝန်ထမ်းများသည် ဈေးသာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် ငွေစာရင်းဖြည့်သွင်းထားရှိမှု ရှိ၊ မရှိ စာရင်းဇယားထိန်းသိမ်းမှု ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဈေးသာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူဦးရေ ၄၅ ဦးကို ငွေကျပ် ၂၄ ဒသမ ၆ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူဦးရေ ၄၆ ဦးကို ငွေကျပ် ၂၀ ဒသမ ၀ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူဦးရေ ၃ ဦးကို ငွေကျပ် ၀ ဒသမ ၉ သန်းနှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၁၂)ဦးကို ငွေကျပ် (၇ ဒသမ ၂)သန်း စုစုပေါင်း အသင်းသား/ အသင်းသူ ၁၀၆ ဦးအား ငွေကျပ် ၅၂ ဒသမ ၈ သန်း ထုတ်ချေးပေးထားကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မူမူစန်း