မုံရွာ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းပေါင်းစုံတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသောပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို သိရှိစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်စေရန်ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် (၅၂) ကြိမ်မြောက် ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် မုံရွာမြို့နယ်အတွင်းမှ ကျောင်းပေါင်းစုံ အခြေခံပညာအဆင့် ဖြေဆိုသူ ကျောင်းသား/သူ (၁၈) ဦး တို့က "ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် စာစီစာကုံးယှဉ်ပြိုင်ခဲ့ရာ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများကို ၂၀၂၅ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင်ကျရောက်မည့် (၅၂) ကြိမ်မြောက်ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများထိုက်ထိုက်တန်တန်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)