ဆိပ်ဖြူ မေ ၂၇
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ကန်တော်ပွဲနှင့် မြို့နယ်သံဃာစုံညီအစည်အဝေးကို ယနေ့နံနက် (၉)နာရီက ဆိပ်ဖြူမြို့အနောက်တော့ရကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်သံဃာ့နာယကအဖွဲ့ကဦးဆောင်၍ မြို့နယ်အတွင်းရှိ သက်တော် (၇၀)နှစ်၊ ဝါတော် (၅၀) အထက်ရှိသော ဆရာတော်ကြီးများကန်တော့ပွဲကို သက်တော်ရှည်ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ ရပ်ကွက်/ကျေးရွာကျောင်းတိုက်အသီးသီးမှ ကျောင်းထိုင်ဆရာတော်များ ကြွရောက်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပည့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ပူဇော်ခဲ့ကြသည်။
ရှေးဦးစွာ သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ကန်တော်ပွဲကိုကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးတော်မူကြသည်။ ထို့နောက် မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော်က မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၌ သက်တော်(၇၀)နှစ်၊ ဝါတော် (၅၀) အထက်ရှိသော သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ရခြင်းရည်ရွယ်ချက်များ၊ သာသနာတော်ထွန်ကားပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်သာသနာရေးဦးစီးမှူးတို့က သာသနာရေးဆိုင်ရာများလျှောက်ထားခြင်းတို့ကိုဆောင်ရွက်ပြီး သက်တော်ရှည်ဆရာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လှူဖွယ်ဝတ္ထုများကို ဆပ်ကပ်လှူခဲ့ကြသည်။
ထိုနောက် အပူဇော်ခံသက်တော်ရှည်ဆရာတော်ကြီးများက သြဝါဒဆုံးမစကားများ မြွက်ကြားပေးတော်မူကြပြီး အခမ်းအနား ပထမပိုင်းအစီစဉ်ကို အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော်က သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာကိစ္စရပ်များ သြဝါဒစကားများ မြွက်ကြားပေးတော်မူပြီး သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်အသီးသီးတို့က သာသနာရေးလုပ်ငန်းဆိုင်ရာများ လျှောက်ထားတင်ပြခြင်း၊ ကြွရောက်လာသည့် ဆရာတော်သံဃာတော်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းလျှောက်ထားခြင်းနှင့် အကြံပြုဆွေးနွေးတင်ပြခြင်းတို့ကို အသီးသီးဆောင်ရွက်တော်မူခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)