ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီး ၉၈၁ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ မေ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီး ၉၈၁ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီး ၉၈၁ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လမှ စတင်၍ စက်တင်ဘာလအထိ စိုက်ပျိုးသွားမည်ဖြစ်ကာ လက်ရှိတွင် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး အတွက် လယ်ယာမြေထွန်ယက် ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲကြီး ၉၈၁ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ လက်ရှိမှာ ပဲကြီး အချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် လယ်ယာမြေများ ထွန်ယက်ပြုပြင်မှုတွေ ဆောင်ရွက်နေကြပါတယ်။ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ကြီးကြပ်ဆောင်ရွက်သွားပါမယ်။ သီးနှံအရည်အသွေးနဲ့ အထွက်နှုန်း ကောင်းဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးသွင်းအားစုတွေ စနစ်တကျ သုံးစွဲကြဖို့စတဲ့ တောင်သူပညာပေး လုပ်ငန်းတွေကို တောင်သူတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။ 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံပဲကြီးစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက စိုက်ဧကများ တိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ ကောင်းမွန်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ဒေသနဲ့ကိုက်ညီသော အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါ ကင်းရှင်းစေရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ လိုက်နာဆောင်ရွက်ရေး စသည့် စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲကြီးသီးနှံကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ပြည်တွင်းစားသုံးမှုကို ဖူလုံပိုလျှံ စေသာမက ပိုလျှံမှုကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပဲကြီးကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ဒေသမရွေး ကြိုးပမ်းစိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )