ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

ဆိပ်ဖြူ မေ ၂၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနာကို ယနေ့နံနက် ၈ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်တို့က တက်ရောက်အမှာစကားများ ပြောကြားပေးခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုက ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပေးခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနှင့် ဗလာစာအုပ်များအား အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ဆိပ်ဖြူမြို့နယ်တွင် ကျောင်းနေအရွယ် ကျောင်းသား/ကျောင်းသူ စာရင်းရှိ (၃၀၁၇) ဦးရှိပြီး ကျောင်အပ်နှံရေးသီတင်းပတ် မေလ (၂၂) ရက်နေ့မှ (၂၇)ရက်အတွင်း လာရောက်အပ်နှံသည့် ကျောင်းသား/ကျောင်းသူ (၉၅၈၄) ဦး လာရောက်အပ်နှံပြီးဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများအသီးသီး၌ ကျောင်းအပ်လက်ခံဆောင်ရွက်မှုကို ဇွန်လ(၁)ရက်နေ့အထိ လက်ခံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

စိုးလင်းနိုင်(IPRD)