ပွင့်ဖြူ မေ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ဈေးမီးဘေးလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့်ပူးပေါင်းပြီး မြို့မစည်ပင်သာယာဈေး၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဈေးလုံခြုံရေးအတွက် တပ်ဆင်ထားရှိသော လျှပ်စစ်မီးလိုင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးဒဏ်ကြောင့် မီးမလင်းတော့သည့် လျှပ်စစ်မီးသီးများကို စနစ်တကျ ဖြုတ်သိမ်းကာ LED မီးသီးများဖြင့် အစားထိုး လဲလှယ်တပ်ဆင်ခြင်း၊ လျော့ကျနေသည့် ဓာတ်အားလိုင်းကြိုးများအား လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့မဈေးကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်အတွက် ယခုကဲ့သို့ ဈေးမီးဘေးလုံခြုံရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် လျှပ်စစ်မီးလိုင်းများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဈေးရောင်းဈေးဝယ် ပြည်သူများ စနစ်တကျ ဈေးရောင်းချနိုင်ရေးအတွက် ကြပ်မတ်စစ်ဆေးခြင်း၊ ဈေးတွင်း၊ ဈေးပြင်သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဈေးအမှိုက်ကန်ရှိ အမှိုက်များသိမ်းဆည်းခြင်း၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် အပတ်စဉ်(တနင်္လာနေ့တိုင်း) ပလတ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )