ကြံခင်း မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြို့နယ်ဘဏ်ခွဲ) တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ(ဒုတိယအကြိမ်)ပေးအပ်ပွဲနှင့် တောင်သူအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များနှင့် ကွင်းကြီးကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံပိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမား ဦးကြီးများအား စိုက်ပျိုးစရိတ် အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ရရှိသောချေးငွေများကို အကြိုးရှိစွာဖြင့် အသုံးပြုရန်၊ စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် ကြဲခင်းစနစ်ပပျောက်ရေး နိုင်ငံတော်က စီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအာကာကျော်က ပုံစံ ၇ နှင့် အမည်ပေါက်လယ်ယာမြေ လျှောက်ထားရမည့် အကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသန်းဦးက စပါးအထွက်နှုန်း ကောင်းမွန်စေရေးနှင့် မြေဩဇာအလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီပျက်စီးမှုအန္တရာယ်တို့အား ဟောပြောခဲ့သည်။ ထို့နောက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(မြို့နယ်ခွဲ) တာဝန်ခံ မန်နေဂျာ ဒေါ်လွင်လွင်ဦးက တောင်သူများ အချိန်နှင့်တပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ချေးငွေညွှန်ကြားစာပါ ချေးငွေစည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီ ပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့် တောင်သူ ဦးကြီးများအကြား နှစ်ဦးနှစ်ဖက်တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြို့နယ်ခွဲ) မန်နေဂျာ ဒေါ်လွင်လွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းကြီး အုပ်စုရှိ တောင်သူများအား ဧကအလိုက် ချေးငွေများ ပေးအပ်ခဲ့ကြသည်။ ကြံခင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား အုပ်စု (၃၂)စု၊ တောင်သူ (၅၉၃၉)ဦး၊ ဧက (၂၉၇၂၈)၊ ငွေကျပ် (၄၄၅၉၂) သိန်း ထုတ်ချေးပေးခဲ့ပြီး၊ ၂၀၂၅ ခုနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့အထိ ကျေးရွာအုပ်စု (၃) အုပ်စုရှိ တောင်သူ (၂၁၂) ဦးအား တစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀) နှုန်းဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ဧက (၁၃၆၆)၊ ငွေကျပ် (၂၀၄၉) သိန်း ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ကြံခင်းဘဏ်ခွဲ)မှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)