ပြည် မေ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ သီရိခေတ္တရာမြို့တော်ခန်းမ၌ ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်က "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မကြာခင်မှာ ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူမြန်ဆန်စွာနှင့် စနစ်တကျမဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) များကို ပြည်တွင်းမှာရှိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များက ခေတ်မီဆန်းသစ်အောင် တီထွင်ထုတ်လုပ်ထားတာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၌ ယခုဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းတွင် ဆရာဖြစ်သင်ကြားပေးမှာဖြစ်သည့်အတွက် ကျွမ်းကျင်တတ်မြောက်သည်အထိစိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်နှင့် မြန်မာနိုင်ငံမှာ တီထွင်ထုတ်လုပ်ထားတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) များဖြင့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်များမဲပေးရမှာဖြစ်၍ အချိန်ကုန်သက်သာခြင်းနှင့် မဲရလဒ်များကို လျင်မြန်စွာသိရှိနိုင်ခြင်း အကျိုးကျေးဇူးများကိုရရှိလာမှာဖြစ်သည့်အပြင် ယခုသင်တန်းမှတစ်ဆင့် မဲပေးစက်များကို ကျွမ်းကျင်စွာ ကိုင်တွင်ထိန်းသိမ်းအသုံးပြုနိုင်ခြင်းအားဖြင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများနှင့် မဲရုံတာဝန်ရှိသူများအနေဖြင့်လည်း ကိုယ်စီတာဝန်ကျေပွန်စွာဖြင့် ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် E-government ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်က တာဝန်ရှိသူများနှင့်အတူ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းပို့ချနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ခရိုင်နှင့်မြို့နယ်(၁၄)မြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှ အရာထမ်း၊ အမှုထမ်းသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ပြီး သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံနှင့် စက်တပ်ဆင်နည်း၊ စမ်းသပ်မဲပေးနည်း၊ ဖြန့်ခွဲနည်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းနည်း၊ မဲရလဒ်ရေတွက်နည်း၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုနည်း၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းနည်းနှင့် မဲရုံခင်းကျင်းမှုပုံစံအတိုင်း စနစ်တကျလက်တွေ့ လေ့ကျင့်ဆောင်ရွက်နည်းပညာရပ်များကို မေ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)