ပဲခူး မေ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းအပ်ရာသီစတင်နေပြီဖြစ်၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နိုင်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် ခတ္တပိတ်ထားရသည့်ကျောင်းများ၌ ပညာသင်ကြားနေသည့် ကျောင်းသား/သူများအားလုံး နီးစပ်ရာကျောင်းများတွင် တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ စာတတ်မြောက်မှုရာခိုင်နှုန်းသည် တန်းစဉ်ကူးပြောင်းတက်ရောက်မှုနှင့် တိုက်ရိုက်အချိုးကျသဖြင့် တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းတိုးတက်စေရေးနှင့် ကျောင်းပြင်ပပညာသင်ကြားရေးစနစ်များ တိုးချဲ့ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ တစ်တိုင်းလုံးလွှမ်းခြုံနိုင်ရေးဆောင်ရွက်သွားရမှာဖြစ်ပြီး မိုးရာသီတွင် ဖြစ်ပွားတတ်သည့် တုပ်ကွေးရောဂါအပြင် အခြားကူးစက်ရောဂါကျရောက်မှုမရှိစေရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးသီးနှံစိုက်ရာသီဖြစ်၍ စိုက်ပျိုးနိုင်သည့် လယ်ယာမြေများအားလုံးမြေလပ်မရှိ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသကြက်၊ ဒေသဝက်နှင့် ဒေသနွားများအား သက်ဆိုင်ရာသတ်မှတ်ချက်များအတိုင်း လအလိုက်တိုးချဲ့မွေးမြူနိုင်ရေး မွေးမြူရေးလုပ်ငန်းရှင်အသစ်များ ဖော်ထုတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းခြင်း၊ ဖြတ်သန်းခြင်းမရှိစေရေးဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းအပြင် လမ်းဘေးဝဲယာသစ်ပင်စိုက်ပျိုးခြင်းများအား သတ်မှတ်နည်းလမ်းများအတိုင်း စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသည့် အပင်များအား ရှင်သန်စေရေး ပြုစုထိန်းသိမ်းစောက်ရှောက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ်များအလိုက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထားရန်နှင့် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို တစ်ပါတည်းအောင်မြင်ရန် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့၏ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုများ၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းတံတားနှင့် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြချက်များနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုတစ်ခုချင်းအလိုက် အသေးစိတ်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)