ပေါင်းတည် မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစပါး ၇၃၅၁၄ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
မြို့နယ်အတွင်းလျာထားပြီး သတ်မှတ်စိုက်ဧကများဖြင့် ဒေသတွင်းနှင့်နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံရေးသာမက တောင်သူများ၏လူမှုစီးပွားဘဝတိုးတက်ရေး၊နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် ယခုနှစ်မိုးစပါးကို ရေတော်မိုးတော်ဖြင့်ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း တင်း၁၀၀နှင့် အထက်ပြည့်မီကျော်လွန်နိုင်ရန် ဇွန်လ ပထမပတ်မှ စတင်၍ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က တောင်သူများနှင့်ပူးပေါင်းကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
မိုးစပါးစိုက်ပျိုးရေးအတွက် နိုင်ငံတော်အနေဖြင့် တောင်သူများအချိန်မီစိုက်ပျိုးနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများစတင် ပံ့ပိုးကူညီလျက်ရှိကြောင်း၊ မျိုးကောင်းမျိုးသန့်အထွက်ကောင်း မျိုးစေ့များ၊သွင်းအားစုများနှင့် စိုက်ပျိုးရေးနည်းပညာများကိုလည်း မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့နှင့်စိုက်ပျိုးရေးဦးစီးဌာနတို့က ပံ့ပိုးကူညီဖြည့်ဆည်းမှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်လျာထားချက်ကျော်လွန်၍ မိုးစပါးဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးကိုလည်း ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရွှေသား