ပွင့်ဖြူ မေ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့သီတင်းပတ် ကျောင်းအပ်လက်ခံခြင်းများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများအလိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ မေ ၂၆ ရက် ယနေ့အထိ လာရောက်ကျောင်းအပ်နှံသည့် (ထက် ၊ လယ် ၊ မူ) ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၂၉၁၉ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန်အတွက် ဆရာ/မိဘပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးတိုင်း သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံလျက်ရှိရာ မေ(၂၂)ရက်နေ့မှ ယနေ့အထိ အခြေခံပညာမူလတန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၁၅၅၇၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅၃၂၁ ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀၂၀ ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူဦးရေ ၂၂၉၁၉ ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံဆောင်ရွက်ပေးရာ၌ အဆင်ပြေစွာ ပညာဆည်းပူးသင်ကြားနိုင်ရန် ကျောင်းဝတ်စုံအပါအဝင် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ အခမဲ့ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၃)ကျောင်း အပါအဝင် အခြေခံပညာကျောင်းပေါင်း(၁၆၉)ကျောင်းရှိပြီး အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် မေ ၂၂ ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဇွန်(၂)ရက်နေ့တွင် ကျောင်းများဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး