ပန်းတောင်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပန်းတောင်း မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထ.က (ပန်းတောင်း) ကျောင်းခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပကြောင်း သိရသည်။

အခမ်းအနားကို အ.ထ.က (ပန်းတောင်း) မှ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်သူရက အနာဂတ်လူငယ်များ ကိုယ်ရည်ကိုယ်သွေး​ကျွမ်းကျင်မှုများရရှိအောင် သင်ယူမှုအတွက် လိုအပ်သော ကျွမ်းကျင်မှုများဖြစ်သော (၁) ပူးပေါင်းဆောင်ရွက်ခြင်း/အုပ်စုဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း (Collaboratiom /Group Work)၊ (၂) ဆက်သွယ်ပြောဆိုခြင်း (Communication)၊ (၃) လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း (Critical Thinking and Problem Solving)၊ (၄) တီထွင်ဖန်တီးခြင်း (Creativity and Inovation)၊ (၅) နိုင်ငံသားကောင်းစိတ်ဓာတ်ရှိခြင်း (Citizenship) စသည့် C-၅ လုံးနှင့်အညီ လေ့ကျင့်သင်ကြားပို့ချပေးသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ၎င်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းသိန်းမှ၎င်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးမှ၎င်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအေးကြိုင်မှ၎င်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်မှ၎င်း ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။ ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)