ပေါင်းတည်၌ ဘိုးဘွားရိပ်သာ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ပေါင်းတည် မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုးဘွားရိပ်သာရှိဘိုးဘွားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးကြသည်။

မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါ်သန်းသန်းချစ်၏ ကြီးကြပ်မှုဖြင့် ဒေါက်တာ ကျော်သူရထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ပေါင်းတည်ဘိုးဘွားရိပ်သာရှိ အဘိုး ၅ ဦးနှင့် အဘွား ၃၃ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုနှင့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အလားတူ အဘိုးအဘွားများအား အနီးကပ်စောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားရိပ်သာဝန်ထမ်းများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဘိုးဘွားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အပတ်စဉ်တနင်္ဂနွေတိုင်း ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရွှေသား