ရေနံချောင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရေနံချောင်း မေ ၂၆

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်စေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာကျောင်းအုပ်ကြီးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၄ ရက်နေ့နံနက်ပိုင်းက အမှတ်()အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး အခမဲ့ပညာသင်ယူခွင့်ရရှိစေရန်အတွက် သက်ဆိုင်ရာ အခြေခံကျောင်းများတွင် လာရောက်ကျောင်းအပ်နှံရေး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ မိဘ၊ ကျောင်းသားနှင့် ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးအောင်မင်းနိုင်နှင့် ရဲမှူးဝင်းနိုင်တို့က ဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာပညာသင်ယူနိုင်ရေး ဆောင်ရွက်မှုများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးအေးဝင်းက ကျောင်းအပ်နှံမှုအခြေအနေများနှင့် ကြိတင်ပြင်ဆင်ရမည့်လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများနှင့် ကျောင်းတာဝန်ခံများက ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများနှင့် တာဝန်ကျဒေသများတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့နှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)