ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ မိသားစုဝင်ငွေတိုး အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ်

ပခုက္ကူ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေးတိုးရေးစီမံကိန်းများမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ပေးအပ်သည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းကာလအတွင်းအသုံးပြုမည့် စက်ချုပ်နည်းပညာဆိုင်ရာပစ္စည်းများ၊ ယခင်သင်တန်းသူများကိုယ်တိုင် ရေးဆွဲချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့်လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်မည်ဖြစ်ပြီး မေလ၂၅ရက်မှ ဇွန်လ ၂၃ ရက်နေ့အထိ သင်တန်းကာလအတွင်း စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းနှင့် ချုပ်ရိုးများ၊ စက်နင်းနည်း၊ ခန္ဓာကိုယ်တိုင်းတာနည်း၊ Pattern ဆွဲနည်း၊ မိန်းမဝတ်ရင်စေ့လက်ဆက်နှင့် မြန်မာရင်ဖုံးအင်္ကျီချုပ်နည်း၊ မိန်းမဝတ်နောက်ဇစ်နှင့် ရင်ဖြတ်ဆက်ချုပ်နည်း၊ ကလေးဝတ်၊ သင်္ဘောသား၊ ဟာဝေယံရှပ်အင်္ကျီများချုပ်နည်း၊ ဘောင်းဘီ၊ လေးလွှာစကပ်၊ ချိတ်စကပ်ချုပ်နည်းများစသည့် ဘာသာရပ်(၁၂)မျိုးကို စာတွေ့ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများမှ စက်ချုပ်နည်းပညာကို အမှန်တကယ်စိတ်ဝင်စားပြီး လုပ်ငန်းထူထောင်လုပ်ကိုင်လိုသူ ငါးဦးအားရွေးချယ်၍ တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့် ညီမျှသော လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။

ဘာမီသာ(ပခုက္ကူ)