ပဲခူး မေ ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁၃:၃၀)နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် မဲပေးစက်အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ် သင်တန်းဖွင့်လှစ်လျက်ရှိသည့် ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးသို့ရောက်ရှိခဲ့ပြီး သင်တန်းတွင် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ပို့ချလျက်ရှိသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် မဲရုံခင်းကျင်းမှုပုံစံအတိုင်း လက်တွေ့လေ့ကျင့် ဆောင်ရွက်နေပုံ တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ သင်တန်းကို မေလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးများ စုစုပေါင်း သင်တန်းသား (၉၈) ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)