ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံနှင့် ကွမ်း၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြော

ရေနံချောင်း မေ ၂၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံရှိစေရေးနှင့် ကွမ်း၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(လည်ပေါ်) ကျင်းပသည်။

ဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်က အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဟိန်းစိုးထွန်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းဆိုင်ရာဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ကျန်းမာရေးမှူး ဦးနေခြည်မင်းက ကျန်းမာရေးနှင့်အညီနေထိုင်စားသောက်မှုပုံစံများ၊ ကွမ်း၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကိုယ်ခန္ဓာတွင်ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများ၊ မိသားစုနှင့်ပတ်ဝန်းကျင်အပေါ်တွင် သက်ရောက်နိုင်သည့် ဆိုးကျိုးများကိုလည်းကောင်း အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေးဟောပြောရာ ကျောင်းသား/ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူများ၊ အ.ထ.က(လည်ပေါ်) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူလေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်