ပေါင်းတည် မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ရပ်ရွာများအတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက မှတ်တိုင်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြောကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ရေမြောင်း၊ ရေအိုင်များတွင် ဆေးဖြန်းခြင်း၊ နေအိမ်များရှိရေစည်၊ ရေအိုးများနှင့် ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီ၊ ရေစည်၊ ရေအုတ်ကန်များအတွင်း ဘိတ်(abate)ဆေး ခတ်ခြင်း၊ ကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်းများ၏ အတွင်းအပြင်ဝန်းကျင်အား ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးထွန်းဝင်းလတ်နှင့် ငှက်ဖျားအင်စပက်တော် ဦးသန့်လွင်စိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)