မအူပင် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် Abate ဆေးခတ်ခြင်းနှင့် မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးဗီနိုင်းပိုစတာများကပ်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၈ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ စတင်၍ ဆောင်ရွက်ခဲ့သည်။
ကျန်းမာရေးအသိပညာပေးဗီနိုင်းပိုစတာ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့်အကြောင်းအရာများ၊ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ကြောင်းနှင့် အသက် (၁၅)နှစ်အထက်ဖြစ်ပွားပါက သေဆုံးနိုင်ခြေမြင့်မားကြောင်း၊ ကြိုတင်ကာကွယ်ရန်နည်းလမ်းများပါဝင်ပြီး ကျောင်းသား၊ ကျာင်းသူများ ကျန်းမာရေးအသိပညာရရှိစေရန် ကျောင်းအဝင်နေရာများ၌ ဗီနိုင်းပိုစတာများကပ်ခြင်း၊ ကျောင်းဖွင့်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကျောင်းအတွင်း ပိုးလောက်လမ်းပေါက်ပွားနိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများအား ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး သွေးလွန်တုတ်ကွေးရောဂါကူးစက်မှုမဖြစ်ပွားစေရန် Abate ဆေးခတ်ခြင်းအား ၆ ပတ်လျှင်တစ်ကြိမ် ရပ်ကွက်၊ ကျေးရွာများ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)