ပြည် မေ ၂၅
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်မြို့ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများအား ပြည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအဖွဲ့က "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ကျောင်းနေအရွယ်ကလေးများအားလုံး "စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်ဖြင့် (၅)နှစ်အရွယ် ကလေးများကို KG တန်းသို့အပ်နှံရန်၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း Grade -1 သို့အပ်နှံရန် အသိပေးကြေညာချက်ဖြင့် ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေးလုပ်ငန်းကို ဒေသအလိုက်တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များ၊ ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်ပံ့ပိုးကူညီမှုများဖြင့် နှစ်စဉ်နှစ်တိုင်း မေလနောက်ဆုံးရက်သတ္တပတ်ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ကာ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားများဆောင်ရွက်လျက်ရှိကြောင်း၊ "တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး" ဆိုသည့် လူမှုရေးဦးတည်ချက်နှင့်အညီဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံသားတိုင်း အတန်းပညာမြင့်မားရေးအတွက် ပညာသင်အရွယ်တိုင်း အနည်းဆုံး (KG+9)အဆင့်ပြီးမြောက်ရန် နိုင်ငံတော်က စီမံကိန်းချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများအခက်အခဲမရှိစေဘဲ သားသမီးများကိုကျောင်းအပ်နှံနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ်ပြဋ္ဌာန်းစာအုပ်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် ထို့အတူ အခြေခံပညာ ထက်/လယ်/မူ ကျောင်းသား၊ ကျောင်းသူများအားလုံးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ဖြစ်၍ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူနိုင်ရေးအတွက် ကျောင်းအပ်နှံရေးကို မိဘ၊ ဆရာများအပါအဝင် အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အထက်တန်းအဆင့်သင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ပေးဝေသော ကျောင်းသုံးပစ္စည်းများကို တိုင်းဒေသကြီးရုံးခွဲ(ပြည်)မှ တိုင်းပညာရေးမှူး ဒေါက်တာချစ်ကိုကိုထံ ပေးအပ်ခဲ့ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အလယ်တန်းအဆင့်အတွက် အခမဲ့ပေးဝေသော ကျောင်းသုံးပစ္စည်းများနှင့် ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က မူလတန်းအဆင့်အတွက် အခမဲ့ပေးဝေသော ကျောင်းသုံးပစ္စည်းများကို ပညာရေးဌာနတာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများက အဖွဲ့အလိုက် တေးသီချင်း သီဆို/ကပြမှုများဖြင့် ဖျော်ဖြေခဲ့ကြပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများအတွက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ပြည်မြို့ အ.ထ.က(၁)၊ အ.ထ.က(အောင်ဆန်း)နှင့် အ.ထ.က(၅)တို့၌ မိဘ/ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ခရိုင်နှင့်မြို့နယ်များတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄၁)ကျောင်းအပါအဝင် အခြေခံပညာကျောင်း စုစုပေါင်း (၂၅၈၉)ကျောင်းရှိပြီး အဆိုပါကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းကို မေလ ၂၂ ရက်နေ့မှစ၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)