ပဲခူး မေ ၂၅
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ (၂၃)ရက်နေ့၊ နံနက်ပိုင်းက နွေရာသီအနုပညာသင်တန်း အတီးဘာသာရပ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ နွေရာသီအတီးဘာသာရပ်သင်တန်းမှ ကျောင်းသား/သူများက “မှုံရွှေရည်”သီချင်းဖြင့် သီဆိုဖျော်တင်ဆက်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရိုးရာယဉ်ကျေးမှုအနုပညာများ တိုးတက်ပြန့်ပွာခြင်းသည် ပြည်သူတို့၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များဖွံ့ဖြိုးစေပြီး လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာစွမ်းအားများ မြင့်မားလာစေကာ နိုင်ငံတော်အတွက် များစွာအထောက်အကူပြုစေနိုင်မှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသည် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသွင်သဏ္ဍာန်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ သင်တန်းတက်ရောက်ခဲ့သည့် အခြေခံပညာကျောင်းသား/သူများအနေဖြင့် ရိုးရာယဉ်ကျေးမှုတူရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာတီးခတ်သင်ကြားခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် နွေရာသီ အတီးဘာသာရပ်သင်တန်းအား ပထမအကြိမ်ဖွင့်လှစ်ပေးခဲ့ရာ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး(ဗဟိုအဆင့်)တွင် သင်တန်းသား/သူများမှ ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ် (၅)ခုနှင့် ကြေးတံဆိပ် (၅)ခုတို့ စုစုပေါင်း(၁၄)ခု ဆွတ်ခူးပေးနိုင်ခဲ့သဖြင့် ယခုအခါ နွေရာသီအတီးဘာသာရပ် သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် အတီးဝါသနာပါသူ မျိုးဆက်သစ်လူငယ်များ ထပ်မံမွေးထုတ်နိုင်ရေး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် အတီးဘာသာရပ်ကို မတိမ်ကော မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းအပြင် မျိုးဆက်သစ်လူငယ်များအား မွေးထုတ်ပေးခဲ့သည့် နည်းပြဆရာကြီးများကို အထူးပင်ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ နွေရာသီအနုပညာသင်တန်း အတီးဘာသာရပ်သင်တန်း တက်ရောက်ခဲ့သည့် ကျောင်းသား/ သူများအနေဖြင့် မိမိတို့သင်ကြားခဲ့ရသည့် သက်ဆိုင်ရာတူရိယာအလိုက် ဆက်လက်လေ့လာ၍ စဉ်ဆက်မပြတ်လေ့ကျင့်သွားရန်၊ ဆန်းစစ်တီထွင်လိုစိတ်ပြင်းပြရန်နှင့် ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သည့် အတီးပညာရှင်များဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးခင်မောင်တင့်က နွေရာသီအနုပညာသင်တန်း အတီးဘာသာရပ် ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် သင်တန်းသား/သူများက “မင်္ဂလာနှစ်သစ်”၊ “ဂီတဗိမ္မာန်”၊ “လုလင်ငယ်သွေး” သီချင်းများဖြင့် သီဆိုတီးခတ်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ဇနီးတို့က နွေရာသီ အနုပညာသင်တန်း အတီးဘာသာရပ်အလိုက် တက်ရောက်သင်ကြားခဲ့ကြသည့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းတွင်သင်ကြားပေးခဲ့သည့် အတီးအနုပညာရှင် ဆရာကြီးများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နွေရာသီကျောင်းပိတ်ကာလများ၌ ကျောင်းသား/သူများ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်စေရေးအတွက် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စောင်း၊ တယော၊ နှဲ၊ ပုလွေ၊ စန္ဒယား၊ မယ်ဒလင်၊ မြန်မာဂီတာစသည့် ဒုတိယအကြိမ်မြောက် နွေရာသီအတီးဘာသာရပ်သင်တန်းအား သင်တန်းကာလ (၁)လအဖြစ် ကျောင်းသား/သူ (၈၀)ဦးအား လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)