ရွှေတောင် မေ ၂၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်များ၊ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မှီကျောင်းအပ်နှံနိုင်ရေးကိုလည်း မိဘဆရာအသင်းများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ/ ဆရာမများမှ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး KG တန်းမှ Grade-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို (အခမဲ့)ထုတ်ပေးလျက်ရှိသည်။
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၇၉)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁)ကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)