မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

မိုးညို မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၆၆)ကျောင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ခုနှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၆၆) ကျောင်းတို့တွင် ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ စသည်တို့အပြင် KG တန်းမှ Grade-5 အထိ ကျောင်းဝတ်စုံ(၁)စုံတို့ကို နိုင်ငံတော်မှအခမဲ့ ပေးအပ်လျက်ရှိသည်။

အဆိုပါကျောင်းအပ်နှံခြင်းများကို မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်း‌ဌေး၊ အထက(မိုးညို)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ကျေးရွာအလိုက်ကျောင်းအုပ်ကြီးများကကြီးကြပ်၍ ဆရာ/ဆရာမများက မေလ(၂၂)ရက်နေ့မှစတင်၍ ဇွန်လ(၁)ရက်နေ့ထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)