ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ရွှေတောင် ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံတွင် မေလ ၂၁ ရက်နေ့နံနက်ပိုင်းက နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးသန့်မှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရေး၊ ဆောင်ရန်၊ ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး၊ သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးအတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း(၂၁)ရက်နေ့တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိရာ မေလ ၂၁ ရက်နေ့နံနက်ပိုင်းတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၅၉)ဦးတို့အား ရောဂါရှာဖွေကုသပေးခဲ့ကြောင်း သိရသည်။