စေတုတ္တရာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကျင်းပ

စေတုတ္တရာ မေ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်​၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းအပ်နှံရေးသီတင်းပတ်အထိမ်းအမှတ်အခမ်းအနား”ကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း(စေတုတ္တရာ)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်းသီချင်း” ဖြင့် သီဆိုဖျော်ဖြေကြသည်။ထို့နောက် စေတုတ္တရာမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က ဇွန်လ ၂ ရက်တွင်အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံရာတွင် မည်သည့်ငွေးကြေးမှ ကောက်ခံခြင်းမရှိဘဲ အခမဲ့ပညာရေးစနစ်ဖြင့် စနေ၊ တနင်္ဂနွေပိတ်ရက်မရှိစီစဉ် လက်ခံပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိသင်ကြားမည့် ဘာသာရပ်များကို ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် သင်ကြားပေးကြစေလိုပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးတက်ကြစွာ ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ စေတုတ္တရာမြို့နယ်ပညာရေးမှူး ဒေါ်ကျော့မေခိုင်က ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားကြရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် လူငယ်လူရွယ်များအတွက် မြင့်မားသောပညာရေးစနစ်ရရှိစေရန် မိဘများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လည်း သတ်မှတ်ပြဋ္ဌာန်းထားသော ကျောင်းပညာရေးသာမက ပြင်ပဗဟုသုတများပါ ကြိုးစားသင်ယူကြရန်နှင့် သင်ကြားပို့ချချက်များအား အမှန်တကယ်နားလည်တတ်မြောက်အောင် ကြိုးစားသင်ယူပြီး နိုင်ငံတော်က အားကိုး အားထားပြုရသည့် လူငယ်လူရွယ်များဖြစ်အောင် အစဉ်တစိုက် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ မြို့နယ်စီမံကော်မတီဝင်များနှင့် မြို့နယ်ပညာမှူးဒေါ်ကျော့မေခိုင်တို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့​ထောက်ပံ့ပေးသည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများ၊ ကျောင်းဝတ်စုံများ၊ထောက်ပံ့ပစ္စည်းများကို အမှတ်(၁)နှင့် အမှတ် (၂)ရပ်ကွက်ရှိကျောင်းသား၊ကျောင်းသူများအား ပေးအပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများကလက်ခံ ရယူကြပြီး စေတုတ္တရာမြို့နယ်အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကျောင်းသား၊ကျောင်းသူများက “ထာဝရမြန်မာ”သီချင်းဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)