ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးများ ဆောင်ရွက်လျက်ရှိ

ဂန့်ဂေါ မေ ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပ်စို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများတွင် မေလ (၂၂)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့၀င်များ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် တာဝန်ရှိသူများက ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ ပြဌာန်းစာအုပ်၊ ပေတံ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးခဲ့ကြသည်။

ဂန့်ဂေါမြို့နယ်တွင် ယခုနှစ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် အ-ထ-က ကျောင်း (၆)ကျောင်း၊ အ-ထ-က(ခွဲ)ကျောင်း (၃)ကျောင်း၊ အ-လ-ကကျောင်း (၄)ကျောင်း၊  အ-လ-က(ခွဲ)ကျောင်း (၃)ကျောင်း၊ အ-မ-ကကျောင်း (၄)ကျောင်းနှင့် အ-မ-က(ခွဲ)ကျောင်း (၁)ကျောင်း စုစုပေါင်း (၂၁)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ကာ ကျောင်းအပ်စတင်လက်ခံသည့် မေလ (၂၂)ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၂၃၅၇)ဦးနှင့် ယမန်နေ့မေလ (၂၃)ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၂၂၉၃)ဦး စုစုပေါင်း (၄၆၅၀)ဦး ကျောင်းအပ်နှံခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ (၂၂)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးများ၊ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မီအပ်နှံနိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း