မြို့သစ်တွင် နွေစပါးလျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်း

မြို့သစ် မေ ၂၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးရန် (၅၉၅၅) ဧကလျာထားရာ(၅၉၆၀)ဧကအထိကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် တောင်သူများနွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအ‌နေဖြင့် နတ်မောက်ဆည်ရေလှောင်တမံမှ (၃၉၆၀)ဧက၊ ပုလင်းဆည်ရေလှောင်တမံမှ (၇၈၉)ဧက၊ စွန်ဆည်ရေလှောင်တမံမှ (၆၁၈)ဧက၊ ဆဒ္ဒန်ဆည်ရေလှောင်တမံမှ (၅၉၃)ဧက စုစုပေါင်း(၅၉၆၀)ဧကအထိ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်း မျိုးကောင်းမျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းပညာပေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးရာတွင်နည်းစနစ်ကျနစွာ စိုက်ပျိုးနိုင်ရေး၊ မြေဆီမြေဩဇာအချိုးကျမှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် လိုအပ်သည့်နည်းပညာများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)